ကိုလူပျိုတို့ အာသာဖြေတာ များလွန်းနေပြီလား
ယောက်ျားလေးတစ်ယောက်အတွက် ကိုယ့်လက်နဲ့ အာသာဖြေတဲ့ ကိစ္စက အခုလို နည်းပညာတိုးတက်ပြီး အပြာရုပ်ရှင်တွေ အလွယ်တကူကြည့်နိုင်တဲ့ (၂၁) ရာစုမှာ ပိုများလာတယ်ဆိုတာ ဆန်းတဲ့ကိစ္စတော့ မဟုတ်ဘူးပေါ့။ များသောအားဖြင့် လိင်အာသာဖြေတဲ့နေရာမှာ များလွန်းတယ်လို့ အတိအကျ သတ်မှတ်တိုင်းတာထားတဲ့ စံနှုန်းမရှိသလို ကျန်းမာရေးပြဿနာလို့လည်း ယူဆလို့မရတဲ့ ကိစ္စတစ်ခုဖြစ်တာကြောင့် အရမ်းစိတ်ပူဖို့တော့ မလိုပါဘူး။
တကယ်တော့ ယောက်ျားလေးတွေ ပုံမှန်အာသာဖြေတာမှာ ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရှိနေပါတယ်။ လူသိများတဲ့အချက်တွေကို ပြောပြပေးရမယ်ဆိုရင်
- ကိုယ်ခံအားစနစ်ကို ပိုကောင်းစေပြီး ရောဂါတွေကို ပိုမိုတိုက်ထုတ်ပေးနိုင်တယ်။
- စိတ်ဖိစီးမှုကို လျော့ကျစေပြီး ခန္ဓာကိုယ်ထဲက ပျော်ရွှင်ခြင်းဟော်မုန်းတွေ ထုတ်လုပ်နိုင်မှုကို မြှင့်တင်ပေးတယ်။
- ယောက်ျားလေးတွေရဲ့ လိင်စိတ်ထန်လာမှုကို ပမာဏတစ်ခုအထိ လျော့ကျစေပါတယ်။
- ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးတယ်။
- ထိုးသွင်းဆက်ဆံခြင်းလိုမျိုး ကိုယ်ဝန်ရသွားနိုင်ခြေ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ရနိုင်ခြေလည်း မရှိပါဘူး။
- ထိုးသွင်းဆက်ဆံတဲ့အခါမှာ အချိန်ပိုကြာစေပြီး သုက်မလွှတ်အောင် ထိန်းပေးနိုင်တယ်။
- ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်စေတယ်။
- ကိုယ့်ခန္ဓာကိုယ်ရဲ့ လိင်စိတ်ကြွစေတဲ့ နေရာ၊ အစိတ်အပိုင်းတွေကို ပိုခံစားသိရှိနိုင်စေတယ်။
- နှလုံးအားကောင်းစေပြီး သွေးလည်ပတ်စီးဆင်းနှုန်းကိုလည်း မြန်စေပါတယ်။
ဒီတော့ အပေါ်မှာပြောထားခဲ့သလိုပဲ ယောက်ျားလေးတစ်ယောက် လိင်အာသာဖြေတာကို များတယ်လို့ အတိအကျသတ်မှတ်လို့မရပေမဲ့
- ကြိမ်ဖန်များစွာ လိင်အာသာဖြေခြင်းကြောင့် ကိုယ့်ရဲ့လိင်အင်္ဂါ နာကျင်ထိခိုက်လာတာ
- လိင်အာသာဖြေဖို့အတွက် အချိန်ကုန်ပြီး ပညာရေး၊ အလုပ်တွေမှာ ထိခိုက်လာတာ
- လိင်အာသာဖြေတာကိုပဲ စိတ်စွဲပြီးတော့ အမှန်တကယ် ဆက်ဆံရဖို့ စိတ်မပါတော့တာ
- ဘယ်နေရာရောက်ရောက် လိင်အာသာဖြေဖို့ကိုပဲ စိတ်စွဲနေတာ
- လိင်အာသာဖြေတာအပြင် အပြာရုပ်ရှင်ကိုပါ မကြည့်ရမနေနိုင် စွဲလမ်းသွားတာ
- လူမြင်ကွင်း၊ ပုဂ္ဂလိကနေရာ၊ မသင့်တော်တဲ့နေရာမျိုးတွေမှာ လိင်အာသာဖြေချင်လာတာ
- အမှန်တကယ် လုပ်ချင်စိတ်မရှိဘဲ လိင်အာသာဖြေဖို့အတွက်ပဲ ဆိုင်းပြင်နေတာ
- လိင်အာသာဖြေတာ ရပ်လိုက်တဲ့အခါ၊ မလုပ်တာ အချိန်ကြာသွားတဲ့အခါ စိတ်ထဲ နေမထိ ထိုင်မသာဖြစ်တာ
ဒီလိုအချက်တွေကို သင့်မှာတွေ့ရပြီဆိုရင်တော့ ရှိသင့်ရှိထိုက်တာထက် များနေပြီလို့ ယူဆလို့ရနိုင်ပါတယ်။
လိင်အာသာဖြေမှုများခြင်းဟာ စိတ်ကျန်းမာရေးပြဿနာမျိုးထက် နေ့စဉ်ဘဝနေထိုင်မှုပုံစံရဲ့ ပြုပြင်သင့်တဲ့ အကျင့်စရိုက်တစ်ခု ဖြစ်တဲ့အတွက် အချိန်ယူပြီး ပြုပြင်ပြောင်းလဲမယ်ဆိုရင်တော့ ဖျောက်ရလွယ်နိုင်ပါတယ်။ အဓိက လိင်အာသာဖြေတာကို အပြီးအပိုင်ရပ်လိုက်စရာမလိုဘဲ အကြိမ်ရေများလွန်းတာကိုပဲ ဖျောက်ရမယ်ဆိုတာကို သတိချပ်ဖို့က အဓိကပါ။ ဒီအတွက်
၁။ ကိုယ့်ရဲ့ လိင်အာသာဖြေချင်စိတ်ကို ဘယ်အရာတွေက နှိုးဆွပေးနေလဲဆိုတာကို အရင်ရှာပါ။ အဲဒီအရာတွေကို ကိုယ့်အနားကနေ ဖျောက်ထားပါ။
၂။ ဖုန်း၊ ကွန်ပျူတာထဲမှာ အပြာရုပ်ရှင်တွေ များလွန်းနေပြီဆိုရင် ဖျက်လိုက်ပါ။ (အကယ်လို့ ဖျက်ဖို့အဆင်မပြေရင်တော့ ကိုယ့်ဘော်ဒါအချင်းချင်း share လိုက်တာလည်း ကောင်းပါတယ်။)
၃။ စိတ်ဖိစီးမှုတွေ၊ စိတ်အဆင်မပြေစရာကိစ္စတွေ ရှိလာတဲ့အခါ ကိုယ့်ရဲ့ပြဿနာတွေဆီကနေ ရှောင်မပြေးဘဲ အရင်ဖြေရှင်းဖို့ ကြိုးစားပါ။
၄။ အောက်က ညီလေးမပါဝင်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေအပြင် လေ့ကျင့်ခန်း၊ အားကစား များများလုပ်ပေးပါ။
၅။ အာသာဖြေချင်စိတ်၊ ထန်တဲ့စိတ် ဝင်လာတဲ့အခါ စိတ်အပြောင်းအလဲဖြစ်စေမယ့် တခြားအလုပ်တစ်ခုခု၊ ဝါသနာပါတာကို လုပ်ကြည့်ပါ။
၆။ လိုအပ်လာတဲ့အခါ စိတ်ဆရာဝန်၊ စိတ်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ပြဿနာကို သေချာကုသပါ။
၇။ ကိုယ်ချစ်ရတဲ့သူတွေကို အချိန်ပိုပေးပြီး သူတို့တွေနဲ့ အနီးကပ်အတူရှိကာ စကားပြောဆိုပေးပါ။
၈။ တစ်ယောက်တည်း သီးသန့်နေနေတဲ့အချိန်တွေ၊ အခန်းအောင်းတတ်တဲ့အချိန်တွေကို လျှော့ပါ။
၉။ ကိုယ့်အနီးပတ်ဝန်းကျင်၊ ကိုယ့်အိပ်ခန်းမှာ အာသာဖြေတာနဲ့ပတ်သက်ပြီး မလုပ်သင့်ကြောင်း သတိပေးတဲ့ Note မှတ်စုတိုတွေ ကပ်ထားပေးပါ။
လက်ဖြင့် အာသာဖြေခြင်းဟာ ယောက်ျားလေးတွေအတွက် ကျန်းမာရေးအရရော လိင်ပိုင်းဆိုင်ရာအရပါ ကောင်းကျိုးရှိတဲ့ အလေ့အကျင့်တစ်ခုဆိုပေမယ့် ဘယ်နေရာမဆို တန်ဆေး၊ လွန်ဘေးရှိတယ်ဆိုတာကို သဘောပေါက်ထားနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။
ရဲမျိုးမြတ်